4
ဘုရားသခင်၏ပညတ်တော်များကို လိုက်နာရန်မောရှေတိုက်တွန်းခြင်း
1 ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
2 သင်တို့သည်ငါမိန့်မှာသမျှကိုဖြည့်စွက် ခြင်း၊ နုတ်ပယ်ခြင်းမပြုရ။ သင်တို့အားငါ ပေးသော သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်တို့ကိုလိုက်နာ ကြလော့။-
3 ပေဂုရတောင်တွင်ထာဝရဘုရားပြုတော် မူသောအမှုကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရ ကြပြီ။ ထိုအရပ်တွင်ထာဝရဘုရားသည် ဗာလဘုရားကိုဝတ်ပြုသူမှန်သမျှ အားသေကြေပျက်စီးစေ၍၊-
4 ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ် သောသင်တို့ကိုမူ ယနေ့တိုင်အောင်အသက် ရှင်စေတော်မူ၏။''
5 ``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
6 သင်တို့သည်ထိုပညတ်တော်တို့ကိုတစ်သဝေ မတိမ်းလိုက်နာစောင့်ထိန်းကြလျှင် အခြား သောလူမျိုးများရှေ့တွင်သင်တို့၏၊ ဉာဏ်ပညာ ပေါ်လွင်ထင်ရှားလိမ့်မည်။ သူတို့သည်ထို ပညတ်တော်ရှိသမျှကိုကြားရသောအခါ `ဤလူမျိုးသည်ဉာဏ်ပညာအမြော်အမြင် နှင့်ပြည့်စုံသောလူမျိုးကြီးဖြစ်ပါသည် တကား' ဟုချီးကူးကြလိမ့်မည်။''
7 ``ငါတို့၏ဘုရားသခင်ထာဝရဘုရား သည် ငါတို့အကူအညီလိုသည့်အခါတိုင်း ငါတို့အနားတွင်ရှိတော်မူ၏။ ဤကဲ့သို့ သောဘုရားကိုကိုးကွယ်သည့်လူမျိုးကြီး ရှိသေးသလော။-
8 ယနေ့သင်တို့အားငါသွန်သင်သောပညတ် တော်များကဲ့သို့ တရားမျှတသောပညတ် များကိုရသောလူမျိုးကြီးရှိသေး သလော။-
9 သင်တို့သည်သတိရှိကြလော့။ သင်တို့ကိုယ် တိုင်မြင်ခဲ့သမျှတို့ကို တစ်သက်လုံးမမေ့ စေရန်သတိပြုကြလော့။-
10 သိနာတောင်တွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့ရောက်ရှိ နေကြစဉ်ထာဝရဘုရားကငါ့အား`လူ အပေါင်းတို့ကိုစုဝေးစေလော့။ ငါမိန့်မှာ တော်မူသမျှကိုကြားနာစေလော့။ သို့မှ သာသူတို့အသက်ရှင်သမျှကာလပတ် လုံး ငါ့ကိုကြောက်ရွံ့ရိုသေမည်။ သူတို့သွန် သင်သဖြင့်သူတို့၏သားသမီးများလည်း ငါ့ကိုကြောက်ရွံ့ရိုသေမည်' ဟူ၍ငါ့အား မိန့်တော်မူသည့်အကြောင်းကို သင်တို့၏ သားမြေးတို့အားသွန်သင်လော့။''
11 ``သင်တို့သည်မည်းမှောင်၍ထူထပ်သောတိမ် ဖုံးလျက် မိုးကောင်းကင်သို့တိုင်အောင် မီးလျှံ တက်နေသည့်တောင်ခြေရင်းသို့ချဉ်းကပ်၍ ရပ်နေကြကြောင်းကိုလည်းကောင်း၊-
12 သင်တို့သည်ထာဝရဘုရား၏ပုံသဏ္ဌာန် တော်ကိုမမြင်ရသော်လည်း မီးထဲမှကိုယ် တော်မိန့်တော်မူသံကိုကြားရကြကြောင်း ကိုလည်းကောင်း သားသမီးတို့အားပြော ပြလော့။-
13 ထာဝရဘုရားကသင်တို့နှင့်ပြုသောပဋိ ညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို လိုက်နာရမည့်အကြောင်းမိန့်မြွက်တော်မူ၏။ ယင်းပညတ်တော်များကိုကျောက်ပြားနှစ် ပြားပေါ်တွင်ရေးထားတော်မူ၏။-
14 သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင်သင် တို့စောင့်ထိန်းရမည့်ပညတ်များကို သင်တို့ အားသွန်သင်ရန်ငါ့ကိုမိန့်မှာတော်မူ၏။''
ရုပ်တုကိုးကွယ်ခြင်းကိုတားမြစ်ခြင်း
15-18 ``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။-
19 မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။-
20 သင်တို့သည်ကားမီးပြင်းဖိုသဖွယ်ဖြစ် သောအီဂျစ်ပြည်ထဲမှ ထာဝရဘုရားထုတ် ဆောင်ခဲ့သောလူမျိုးဖြစ်၏။ ကိုယ်တော်၏လူ မျိုးတော်ဖြစ်စေရန် သင်တို့ကိုထုတ်ဆောင်ခဲ့ တော်မူ၏။ သို့ဖြစ်၍သင်တို့သည်ကိုယ်တော် ၏လူမျိုးတော်အဖြစ် ယနေ့ရပ်တည်လျက် ရှိကြသည်။-
21 ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက်ကြောင့်ငါ့အားအမျက်တော် ထွက်၍ ငါသည်ယော်ဒန်မြစ်တစ်ဘက်သို့ကူး ၍ သင်တို့အားပေးသနားတော်မူသည့်အစာ ရေစာပေါကြွယ်ဝသောပြည်သို့ မဝင်ရဟု အလေးအနက်ပညတ်တော်မူသည်။
22 ငါသည်ဤအရပ်၌သေရမည်။ ယော်ဒန်မြစ် တစ်ဘက်သို့ကူးရမည်မဟုတ်။ သို့ရာတွင် သင်တို့သည်မြစ်ကိုကူး၍ အစာရေစာပေါ ကြွယ်ဝသောပြည်ကိုသိမ်းယူရကြတော့မည်။-
23-24 သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့နှင့်ပြုထားသောပဋိညာဉ်ကိုမမေ့ ရန်သတိပြုလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် မီးလျှံနှင့်တူသော ဘုရား၊ ပြိုင်ဘက်ကိုလုံးဝလက်မခံသော ဘုရားဖြစ်သောကြောင့် ကိုးကွယ်ရန်အတွက် မည်သည့်ရုပ်တုကိုမျှမထုလုပ်နှင့်ဟူသော ပညတ်ကိုစောင့်ထိန်းကြလော့။''
25 ``သင်တို့သည်ထိုပြည်တွင်ကြာမြင့်စွာနေထိုင်၍ သားမြေးများရသည်အထိပင်လျှင် ထာဝရ ဘုရားကိုမပြစ်မှားမိစေရန်ရုပ်တုကိုထု လုပ်၍မကိုးကွယ်နှင့်။ ရုပ်တုထုလုပ်ကိုးကွယ် ခြင်းသည်မှားယွင်းမှုဖြစ်သောကြောင့် ထာဝရ ဘုရားအားအမျက်ထွက်စေတော်မူလိမ့်မည်။-
26 ထိုသို့မှားယွင်းလျှင်သင်တို့အမျိုးသည် ထို ပြည်မှမကြာမီတိမ်ကောပျောက်ကွယ်ရ လိမ့်မည်ဟု ငါသည်မိုးကောင်းကင်နှင့်မြေ ကြီးကိုတိုင်တည်လျက်ကျိန်ဆို၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုကူး၍သိမ်းပိုက်မည့်ပြည် တွင် ကြာရှည်စွာမနေထိုင်ရဘဲတစ်မျိုး လုံးပျက်စီးပျောက်ကွယ်သွားလိမ့်မည်။-
27 ထာဝရဘုရားသည် သင်တို့ကိုနိုင်ငံအနှံ့ အပြားတွင်ကွဲလွင့်နေထိုင်စေတော်မူလိမ့် မည်။ ထိုနိုင်ငံတွင် သင်တို့၏လူဦးရေအနည်း ငယ်မျှသာကျန်ကြွင်းလိမ့်မည်။-
28 ထိုအခါသင်တို့သည်လူ့လက်ဖြင့်လုပ်၍ မမြင် နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မခံနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။-
29 သို့ရာတွင်သင်တို့သည် ထိုနိုင်ငံများ၌သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုရှာ ကြလိမ့်မည်။ ထာဝရဘုရားကိုအစွမ်း ရှိသမျှနှင့်ရှာလျှင်တွေ့လိမ့်မည်။-
30 သင်တို့သည်ဆင်းရဲဒုက္ခခံရ၍ဖော်ပြခဲ့ သောအခြေအနေသို့ဆိုက်ရောက်လာသော အခါ ထာဝရဘုရားအားဆည်းကပ်၍ အမိန့်တော်ကိုနာခံကြလိမ့်မည်။-
31 ထာဝရဘုရားသည် သနားကြင်နာတတ် သောဘုရားဖြစ်၏။ သင်တို့ကိုစွန့်ပစ်ဖျက် ဆီးတော်မူမည်မဟုတ်။ သင်တို့၏ဘိုးဘေး တို့နှင့်ကိုယ်တော်တိုင်ပြုတော်မူသောပဋိ ညာဉ်ကိုလည်းမေ့တော်မူမည်မဟုတ်။''
32 ``ဘုရားသခင်သည်ကမ္ဘာပေါ်တွင် လူကိုဖန်ဆင်း သောအချိန်မှအစပြု၍သင်တို့မဖွားမြင် မီအတိတ်ကာလအတွင်းကမ္ဘာလောကတစ်ဝန်း လုံးတွင် ဤမျှလောက်အံ့သြဖွယ်သောအမှုကြီး ဖြစ်ပျက်ဖူးပါသလော။ ယင်းကဲ့သို့သောအမှု ကြီး၏သတင်းကိုကြားဖူးပါသလော။ စူး စမ်းရှာဖွေကြည့်လော့။-
33 မီးထဲမှဘုရားမိန့်တော်မူသံကိုသင်တို့ ကြားသကဲ့သို့သူတို့ကြား၍ အသက်ချမ်း သာရခဲ့ဖူးသောအခြားလူမျိုးရှိပါ သလော။-
34 သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
35 ထာဝရဘုရားသာလျှင်ဘုရားဖြစ်တော်မူ ကြောင်း၊ အခြားသောဘုရားမရှိကြောင်းကို ထိုအမှုတော်များအားဖြင့် သင်တို့အားသိ စေတော်မူပြီ။-
36 ကိုယ်တော်သည်သင်တို့အားသွန်သင်ရန် မိုး ကောင်းကင်မှမိန့်တော်မူသောအသံတော်ကို ကြားစေတော်မူပြီ။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့သည် ကိုယ်တော်၏မီးတောက်မီးလျှံ ကိုမြင်စေလျက် ထိုမီးထဲမှသင်တို့အား မိန့်ကြားတော်မူ၏။-
37 ထာဝရဘုရားသည်သင်တို့၏ဘိုးဘေး တို့ကိုချစ်တော်မူသောကြောင့် သူတို့၏အဆက် အနွယ်များကိုရွေးကောက်တော်မူ၍ မဟာ တန်ခိုးတော်ဖြင့်ကိုယ်တော်တိုင် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့လေ သည်။-
38 သင်တို့ယခုပိုင်ဆိုင်သောပြည်သို့ဝင်ရောက် သိမ်းပိုက်နိုင်စေရန် သင်တို့ချီတက်ရန်လမ်း ကြောင်းတွင်ရှိသောသင်တို့ထက်အင်အား ကြီးမားသည့်လူမျိုးများကိုနှင်ထုတ်တော် မူသည်။-
39 သို့ဖြစ်၍ထာဝရဘုရားသည်ကောင်းကင် မြေကြီးပေါ်မှာဘုရားဖြစ်တော်မူကြောင်း၊ အခြားသောဘုရားမရှိကြောင်းကိုအစဉ် အမြဲစွဲမှတ်သတိရကြလော့။-
40 ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
ယော်ဒန်မြစ်အရှေ့ဘက်ရှိခိုလှုံရာမြို့များ
41-42 ထို့နောက်တစ်စုံတစ်ယောက်သည် မိမိ၏ရန်သူ မဖြစ်ခဲ့ဘူးသူကိုအမှတ်မဲ့သတ်မိသည့် အခါ ထွက်ပြေးခိုလှုံနိုင်သောမြို့သုံးမြို့ကို မောရှေသတ်မှတ်ပေးလေသည်။ ထိုသူသည် ထိုမြို့များအနက်မြို့တစ်မြို့သို့ထွက်ပြေး ၍ခိုလှုံလျှင် အသက်ချမ်းသာရာရမည် ဖြစ်သည်။-
43 ရုဗင်အနွယ်အတွက်ကုန်းပြင်သဲကန္တာရရှိ ဗေဇာမြို့ကိုလည်းကောင်း၊ ဂဒ်အနွယ်အတွက် ဂိလဒ်ဒေသရှိရာမုတ်မြို့ကိုလည်းကောင်း၊ မနာ ရှေအနွယ်အတွက်ဗာရှန်ဒေသရှိဂေါလန် မြို့ကိုလည်းကောင်း ခိုလှုံရာမြို့များအဖြစ် သတ်မှတ်ပေးသည်။
ပညတ်တော်ပြဋ္ဌာန်းခြင်းစကားချီး
44 မောရှေသည်ထာဝရဘုရား၏ပညတ်တော် များကို ဣသရေလအမျိုးသားတို့အား ပြဋ္ဌာန်းပေးလေ၏။-
45-46 သူတို့သည်အီဂျစ်ပြည်မှထွက်လာပြီး နောက် ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဘက်တွင်ရှိသောချိုင့်ဝှမ်း၌ရောက်ရှိနေ ကြစဉ်မောရှေသည် ပညတ်တော်များကိုပြဋ္ဌာန်း ပေးသည်။ ထိုအရပ်သည်ဟေရှဘုန်မြို့တွင် စိုးစံသောအာမောရိဘုရင်ရှိဟုန်၏ပိုင်နက် ဖြစ်ခဲ့သည်။ မောရှေနှင့်ဣသရေလအမျိုး သားတို့သည်အီဂျစ်ပြည်မှထွက်လာပြီး သည့်နောက်ထိုဘုရင်ကိုနှိမ်နင်း၍၊-
47 သူ၏နိုင်ငံကိုလည်းကောင်း၊ ယော်ဒန်မြစ်အရှေ့ ဘက်တွင် စိုးစံသောအခြားအာမောရိဘုရင် ဖြစ်သည့်ဗာရှန်ဘုရင်သြဃ၏နိုင်ငံကို လည်းကောင်းသိမ်းယူခဲ့ကြသည်။-
48 ဣသရေလအမျိုးသားတို့သိမ်းပိုက်သော နယ်မြေသည် အာနုန်မြစ်အနီးရှိအာရော် မြို့မှဟေရမုန်ခေါ်စိယုန်တောင်အထိ ကျယ်ပြန့်လေသည်။-
49 ထိုနယ်မြေတွင်ယော်ဒန်မြစ်အရှေ့ဘက်ရှိ ဒေသတစ်ခုလုံးပါဝင်၏။ ယင်းဒေသသည် တောင်ဘက်ပင်လယ်သေအထိ အရှေ့ဘက် ပိသဂါတောင်ခြေအထိကျယ်ဝန်းလေသည်။