48
မောဘပြည်ကိုဖျက်ဆီးခြင်း
1 မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။
``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။
သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။
ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက်
မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။
2 မောဘပြည်၏ဘုန်းအသရေသည်ကွယ် ပျောက်၍ သွားလေပြီ။
ရန်သူတို့သည်ဟေရှဘုန်မြို့ကိုသိမ်းယူ၍ မောဘ နိုင်ငံကိုသုတ်သင်ဖျက်ဆီးရန်ကြံစည်လျက် ရှိ၏။
မာဒမေနမြို့သည်ဆိတ်ငြိမ်၍နေလိမ့်မည်။
စစ်သည်တပ်သားတို့သည်ထိုမြို့ကိုချီတက် တိုက်ခိုက်ကြလိမ့်မည်။
3 ဟောရနိမ်မြို့သူမြို့သားတို့က`အကြမ်းဖက်မှု၊ သုတ်သင်ဖျက်ဆီးမှု' ဟုဟစ်အော်ကြ၏။
4 ``မောဘပြည်သည်ပြိုပျက်၍သွားလေပြီ။
ကလေးသူငယ်တို့အော်ဟစ်သံကို နားထောင်ကြလော့။
5 လုဟိတ်တောင်ပေါ်သို့တက်ရာလမ်းတွင်သူတို့ ရှိုက်ကြီးငင်ကြီးငိုကြွေးသံကိုလည်းကောင်း၊
ဟောရနိမ်မြို့သို့ဆင်းရာလမ်းတွင်၊စိတ်ဒုက္ခ ရောက်၍
အော်ဟစ်သံများကိုလည်းကောင်းကြားကြလော့။
6 သူတို့က`သင်တို့အသက်ချမ်းသာရအောင် လျင်မြန်စွာပြေးကြလော့။
သဲကန္တာရမှမြည်းရိုင်းကဲ့သို့ပြေးကြလော့' ဟုဆိုကြ၏။
7 ``အို မောဘပြည်၊သင်သည်မိမိ၏အင်အားနှင့် စည်းစိမ်ချမ်းသာကိုအားကိုး၏။
သို့ရာတွင်ယခုသင်သည်နှိမ်နင်းခြင်းကိုခံ ရလိမ့်မည်။
သင်၏ဘုရားခေမုရှသည်လည်းသူ၏မင်း သားများ၊
ယဇ်ပုရောဟိတ်များနှင့်အတူပြည်နှင်ဒဏ် သင့်ရပေတော့အံ့။
8 အဘယ်မြို့မျှဆုံးပါးပျက်စီးမှုနှင့် ကင်းလွတ်လိမ့်မည်မဟုတ်။
ချိုင့်ဝှမ်းရော၊လွင်ပြင်ပါပျက်စီးလိမ့်မည်။
ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
9 မောဘပြည်အတွက်သင်္ချိုင်းကမ္ပည်းကျောက်တိုင် စိုက်ထူကြလော့။
ထိုပြည်သည်မကြာမီပျက်စီးရလိမ့်မည်။
ထိုပြည်ရှိမြို့များသည်ပျက်စီး၍လူသူ ဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။''
10 (ထာဝရဘုရား၏အမှုတော်ကိုစိတ်နှလုံး အကြွင်းမဲ့နှင့်မထမ်းဆောင်သူသည် ကျိန်ဆဲ ခြင်းကိုခံရပါစေသတည်း။ မိမိ၏ဋ္ဌားနှင့် ခုတ်၍မသတ်သောသူသည်ကျိန်ဆဲခြင်းကို ခံရပါစေသတည်း။)
မောဘမြို့များပျက်စီးခြင်း
11 ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
12 ``သို့ဖြစ်၍မောဘပြည်ကိုစပျစ်ရည်သဖွယ် သွန်မှောက်မည့်လူတို့အား ငါစေလွှတ်မည့်အချိန် ကာလကျရောက်လာလိမ့်မည်။ သူတို့သည်ထို ပြည်၏စပျစ်ရည်အိုးများကိုသွန်မှောက်ကာ အစိတ်စိတ်အမြွှာမြွှာခွဲပစ်ကြလိမ့်မည်။-
13 ထိုအခါမိမိတို့ယုံကြည်ခဲ့ကြသောဗေသလ ဘုရားကို ဣသရေလအမျိုးသားတို့စိတ်ပျက် ကြသကဲ့သို့ မောဘပြည်သူတို့သည်မိမိတို့ ၏ခေမုရှဘုရားကိုလည်းစိတ်ပျက်ကြလိမ့် မည်။
14 ``မောဘပြည်သားတို့၊သင်တို့သည်အဘယ် ကြောင့်
မိမိတို့ကိုယ်ကို၊အာဇာနည်များ၊စစ်ပြန် သူရဲကောင်းများဟုပြောဆိုကြသနည်း။
15 မောဘပြည်နှင့်မြို့တို့သည်ပျက်စီးကာ
သူတို့၏လက်ရွေးစင်လူငယ်လူရွယ်တို့သည် အသတ်ခံရကြလေပြီ။
ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား တည်းဟူသော ဘုရင်ဖြစ်တော်မူ၏။
ဤကားငါမြွက်ဟသည့်စကားဖြစ်၏။
16 မောဘပြည်၏ကံကြမ္မာဆိုးသည်ချဉ်းကပ်လာလျက်
ထိုပြည်ယိုယွင်းပျက်စီးရာကာလသည်၊မကြာမီ ရောက်ရှိလာတော့မည်။
17 ``နီးနားပတ်ဝန်းကျင်တွင်နေထိုင်သူတို့၊ထို နိုင်ငံအတွက် ငိုကြွေးမြည်တမ်းကြလော့။
ထိုနိုင်ငံ၏ဂုဏ်သတင်းကိုသိရှိကြသူ အပေါင်းတို့
`တန်ခိုးကြီးမားသည့်ဤနိုင်ငံသည် ထီးကျိုးစည်ပေါက်ဖြစ်လျက်
ယင်း၏ဘုန်းအသရေနှင့်တန်ခိုးအာဏာသည် ကွယ်ပျောက်သွားလေပြီ' ဟုပြောဆိုကြလော့။
18 ဒိဘုန်မြို့တွင်နေထိုင်သူတို့၊
သင်တို့သည်ဂုဏ်အသရေရှိသည့်နေရာမှ သက်ဆင်း၍မြေမှုန့်ပေါ်တွင်ထိုင်ကြလော့။
မောဘပြည်ကိုပျက်ပြုန်းစေသောသူသည်
ဤအရပ်သို့ရောက်ရှိလာကာသင်၏ခံတပ် များကို ဖြိုဖျက်လိုက်လေပြီ။
19 အာရော်မြို့တွင်နေထိုင်သူတို့၊လမ်းနံဘေး တွင်ရပ်၍ စောင့်နေပြီးလျှင်
ထွက်ပြေးတိမ်းရှောင်ကြသူတို့အားဖြစ် ပျက်သည့် အချင်းအရာကိုမေးမြန်းလော့။
20 ထိုသူတို့က`မောဘပြည်ကျဆုံးလေပြီ။
ထိုပြည်အတွက်ငိုကြွေးကြလော့။ ယင်းသည်အရှက်ကွဲလေပြီ။
မောဘပြည်ပျက်သုဉ်း၍သွားကြောင်းကို
အာနုန်မြစ်ရိုးတစ်လျှောက်တွင်ကြွေးကြော် ကြလော့' ဟုပြန်လည်ဖြေကြားကြလိမ့်မည်။
21-24 ဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊ ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊ ကိရယသိမ် မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊ ကေရုတ်မြို့၊ ဗောဇရမြို့အစရှိသည့်ကုန်းပြင်မြို့ အပေါင်းတို့သည်အပြစ်ဒဏ်စီရင်တော်မူ ခြင်းကိုခံရကြလေပြီ။ ရပ်နီးရပ်ဝေးရှိ မောဘမြို့မှန်သမျှသည်အပြစ်ဒဏ်စီ ရင်တော်မူခြင်းကိုခံရကြလေပြီ။-
25 မောဘပြည်၏အာဏာတန်ခိုးသည်ပျောက် ကွယ်၍သွားလေပြီ။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
မောဘပြည်၏မာန်မာနကိုချိုးတော်မူမည်ဖြစ်ကြောင်း
26 ထာဝရဘုရားက``မောဘပြည်သည်ငါထာဝရ ဘုရားအားပုန်ကန်ခဲ့သည်ဖြစ်၍ ထိုပြည်ကို ယစ်မူး၍နေစေကြလော့။ သူသည်မိမိ၏အန် ဖတ်တွင်လူးလှိမ့်၍နေလိမ့်မည်။ လူတို့သည် လည်းသူ့အားပြောင်လှောင်ကြလိမ့်မည်။-
27 အို မောဘပြည်၊ ဣသရေလပြည်သားတို့ အားအဘယ်သို့သင်ပြက်ရယ်ပြုခဲ့သည် ကိုအောက်မေ့သတိရလော့။ သင်သည်သူ တို့အားသူခိုး၊ ဋ္ဌားပြဂိုဏ်းနှင့်အတူဖမ်း ဆီးရမိသူများသဖွယ်ပြုကျင့်ခဲ့ပေ သည်။
28 ``မောဘပြည်သူတို့၊ သင်တို့သည်မိမိတို့ ၏မြို့များမှထွက်ခွာပြီးလျှင် ကျောက်ကမ်း ပါးသို့သွားရောက်နေထိုင်ကြလော့။ လျှို မြောင်အကြားတွင်အသိုက်လုပ်တတ်သည့် ချိုးငှက်ကဲ့သို့ပြုကြလော့။-
29 မောဘပြည်သည်အလွန်မာနကြီး၏။ ပြည်သူ တို့သည်အဘယ်မျှစိတ်နေမြင့်၍၊ မောက်မာ ထောင်လွှားကာမာန်မာနကြီးကြကြောင်းကို လည်းကောင်း၊ အဘယ်မျှကိုယ်ကျိုးရှာတတ် ကြောင်းကိုလည်းကောင်းငါကြားသိတော် မူပြီ။-
30 သူတို့၏ကြွားဝါမှုများသည်အရာမရောက်။ သူတို့ပြုသောအရာများသည်လည်းတာရှည် မခံ။ သူတို့၏မောက်မာထောင်လွှားမှုကိုငါ ထာဝရဘုရားသိ၏။-
31 သို့ဖြစ်၍ငါသည်မောဘပြည်သူအပေါင်း တို့နှင့်ကိရဟရက်မြို့သူမြို့သားတို့ အတွက်မျက်ရည်ကျမည်။-
32 ယာဇာမြို့သူမြို့သားတို့အတွက်ငိုကြွေး သည်ထက်စိဗမာမြို့သူမြို့သားများ အတွက် ငါပို၍ငိုကြွေးမည်။ အို စိဗမာမြို့၊ သင်သည်ပင်လယ်သေကိုကျော်ဖြတ်၍ ယာဇာမြို့တိုင်အောင်ပျံ့နှံ့သွားသည့်စပျစ် ပင်နှင့်တူ၏။ သို့ရာတွင်ယခုအခါ၌သင် ၏နွေရာသီသစ်သီးဝလံများနှင့်စပျစ် ပင်များသည်အဖျက်အဆီးခံရကြလေ ပြီ။-
33 အသီးအနှံကြွယ်ဝသည့်မောဘပြည်မှ ရွှင်လန်းဝမ်းမြောက်မှုကိုရုပ်သိမ်းလိုက်လေ ပြီ။ စပျစ်သီးနယ်ရာကျင်းမှစပျစ်ရည် များယိုထွက်၍မလာတော့ပေ။ စပျစ်သီး ကိုနယ်၍ဝမ်းမြောက်စွာကြွေးကြော်မည့် သူလည်းတစ်ဦးတစ်ယောက်မျှမရှိတော့ပေ။
34 ``ဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့မှ လူတို့ ငိုကြွေးကြသောအသံကိုယာဟတ်မြို့တိုင် အောင်ကြားရကြ၏။ ထိုအသံကိုဇောရမြို့ မှဟောရနိမ်မြို့နှင့်ကေလက်မြို့တို့မှပင် ကြားနိုင်လေသည်။ နိမရိမ်ချောင်းသည် လည်းခန်းခြောက်၍သွား၏။-
35 ငါသည်မောဘပြည်သားတို့အားတောင် ထိပ်များတွင်မီးရှို့ရာပူဇော်သကာများ ဆက်ကပ်မှုနှင့် မိမိတို့ဘုရားများအား ယဇ်ပူဇော်မှုကိုရပ်စဲစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
36 ``မောဘပြည်သားများနှင့် ကိရဟရက်မြို့ သူမြို့သားများသည်မိမိတို့ပိုင်ဆိုင်သမျှ သောဥစ္စာပစ္စည်းများဆုံးရှုံးကုန်ကြပြီ ဖြစ်၍ ငါ၏စိတ်နှလုံးသည်မသာသီချင်း ကိုပြွေမှုတ်သူကဲ့သို့ထိုသူတို့၏အတွက် ငိုကြွေးမြည်တမ်းမည်။-
37 လူတိုင်းပင်ဆံမုတ်ဆိတ်ပယ်ကြလေပြီ။ သူ တို့သည်မိမိတို့၏လက်များကိုထိရှ၍ လျှော်တေကိုဝတ်ဆင်ထားကြ၏။-
38 မောဘပြည်အိမ်ခေါင်မိုးမှန်သမျှတို့အပေါ် ၌လည်းကောင်း၊ လူထုစည်းဝေးရာမြေကွက် လပ်မှန်သမျှတို့၌လည်းကောင်းငိုကြွေးမြည် တမ်းမှုမှတစ်ပါး အခြားအဘယ်အမှု အရာမျှမတွေ့ရကြ။ အဘယ်ကြောင့်ဆို သော်ငါသည်အသုံးမဝင်တော့သည့်အိုး ကိုခွဲသကဲ့သို့ မောဘပြည်ကိုခွဲလိုက်ပြီ ဖြစ်သောကြောင့်တည်း။ ဤကားငါထာဝရ ဘုရားမြွက်ဆိုသည့်စကားဖြစ်၏။-
39 မောဘပြည်သည်ကြေမွ၍သွားလေပြီ။ မောဘပြည်သည်ငိုကြွေးလျက်နေလေပြီ။ မောဘပြည်သည်အသရေပျက်လေပြီ။ ထို ပြည်သည်ယိုယွင်းပျက်စီးလျက်နေသဖြင့် နီးနားဝန်းကျင်မှလူမျိုးအပေါင်းတို့သည် ယင်းကိုပြက်ရယ်ပြုကြကုန်၏။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူသည်။
မောဘပြည်အတွက်လွတ်မြောက်ရန်လမ်းမရှိ
40 တောင်ပံများကိုဖြန့်၍ထားသည့်လင်းယုန် ငှက်ကဲ့သို့ရန်သူသည်မောဘပြည်ပေါ်သို့ ထိုးဆင်းလိမ့်မည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်ကြားခဲ့လေပြီ။-
41 မြို့များ၊ ခံတပ်များသည်အသိမ်းခံရကြ လိမ့်မည်။ ထိုနေ့၌မောဘစစ်သည်တော်တို့ သည်သားဖွားဝေဒနာခံရသောအမျိုး သမီးကဲ့သို့ကြောက်လန့်ကြလိမ့်မည်။-
42 မောဘပြည်သည်ငါ့အားပုန်ကန်ခဲ့သဖြင့် သုတ်သင်ဖျက်ဆီးခြင်းကိုခံရကာနိုင်ငံ တစ်ခုအနေဖြင့်တည်ရှိတော့မည်မဟုတ်။-
43 မောဘပြည်သူတို့အားထိတ်လန့်ဖွယ်ရာ များ၊ မြေတွင်းများနှင့်ထောင်ချောက်များသည် အသင့်စောင့်ဆိုင်းလျက်ရှိပေသည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။-
44 ထိတ်လန့်ဖွယ်ရာကောင်းသည့်အရာမှလွတ် မြောက်ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှတက်၍လာသောသူ သည်လည်းထောင်ချောက်များတွင်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်မောဘပြည်ကိုသုတ် သင်ဖျက်ဆီးရန်အချိန်ကိုငါသတ်မှတ် ထားပြီးဖြစ်သောကြောင့်တည်း။-
45 ခိုကိုးရာမဲ့ဒုက္ခသည်များသည်ဟေရှဘုန် မြို့တွင်ခိုလှုံရန်ကြိုးစားကြ၏။ သို့ရာတွင် အခါတစ်ပါးကရှိဟုန်မင်းနန်းစံခဲ့သည့် ဟေရှဘုန်မြို့သည်မီးဟုန်းဟုန်းထ၍နေ လေသည်။ မီးသည်စစ်မက်ဝါသနာပါသည့် မောဘပြည်သူတို့၏နယ်ခြားဒေသများနှင့် တောင်ထိပ်များကိုကျွမ်းလောင်စေလေပြီ။-
46 မောဘပြည်သူတို့အားကရုဏာသက်ကြ လော့။ ခေမုရှဘုရားကိုရှိခိုးဝတ်ပြုသူတို့ သည်သုတ်သင်ဖျက်ဆီးခြင်းကိုခံရကြ လေပြီ။ သူတို့၏သားသမီးများသည်လည်း သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရကြ လေပြီ။
47 သို့ရာတွင်နောင်လာလတ္တံ့သောကာလ၌ ထာဝရဘုရားသည် မောဘပြည်ကိုတစ်ဖန် ပြန်၍ကောင်းစားလာစေမည်။ ဤကားမောဘ ပြည်အပေါ်သို့ကျရောက်မည့်အဖြစ်အပျက် နှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူ သောစကားများဖြစ်သတည်း။