13
သူလျှိုများ
(တရား၊ ၁:၁၉-၃၃)
1 ထာဝရဘုရားသည်မောရှေအား၊-
2 ``ဣသရေလအမျိုးသားတို့အားငါပေးမည့် ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းရန် အနွယ် တစ်ဆယ့်နှစ်နွယ်မှခေါင်းဆောင်တစ်ဦးကျစီ ကိုရွေးလော့'' ဟုမိန့်တော်မူ၏။-
3-15 မောရှေသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း အောက်ဖော်ပြပါခေါင်းဆောင်တို့ကို ပါရန်တောကန္တာရမှစေလွှတ်လိုက်လေသည်။
အနွယ် | ခေါင်းဆောင် |
ရုဗင် | ဇက္ကုရ၏သားရှမွာ |
ရှိမောင် | ဟောရိ၏သားရှာဖတ် |
ယုဒ | ယေဖုန္နာ၏သားကာလက် |
ဣသခါ | ယောသပ်၏သားဣဂါလ |
ဧဖရိမ် | နုန်၏သားသြရှေ |
ဗင်္ယာမိန် | ရာဖု၏သားပါတလိ |
ဇာဗုလုန် | သောဒိ၏သားဂါဒျေလ |
မနာရှေ | သုသိ၏သားဂဒ္ဒိ |
ဒန် | ဂေမလ္လိ၏သားအမျေလ |
အာရှာ | မိက္ခေလ၏သားသေသုရ |
နဿလိ | ဝါဖသိ၏သားနာဘိ |
ဂဒ် | မာခိ၏သားဂွေလ |
16 ဤသူတို့သည်ကားခါနာန်ပြည်ကိုစုံစမ်း ထောက်လှမ်းရန် မောရှေစေလွှတ်သောသူလျှို များဖြစ်ကြသည်။ မောရှေသည်နုန်၏သား သြရှေကိုယောရှုဟူသောနာမည်သို့ပြောင်း ၍မှည့်ခေါ်လေသည်။
17 မောရှေသည်သူတို့ကိုမစေလွှတ်မီ``သင်တို့ သည်ဤအရပ်မှမြောက်ဘက်သို့သွား၍ ခါနာန် ပြည်တောင်ပိုင်းသို့ဝင်ပြီးလျှင်တောင်ကုန်း ဒေသပေါ်သို့တက်လော့။-
18 ထိုပြည်သည်မည်ကဲ့သို့သောပြည်ဖြစ်သည်၊ လူဦးရေမည်မျှရှိသည်၊ အင်အားမည်မျှ တောင့်တင်းသည်ကိုစုံစမ်းထောက်လှမ်းလော့။-
19 ထိုပြည်သည်နေထိုင်ဖွယ်ကောင်းသည်မကောင်း သည်ကိုလည်းကောင်း၊ မြို့များသည်တံတိုင်း အကာအရံရှိသည်မရှိသည်ကိုလည်း ကောင်းစုံစမ်းထောက်လှမ်းလော့။-
20 ထိုပြည်သည်မြေသြဇာထက်သန်သည်မထက် သန်သည် တောထူထပ်သည်မထူထပ်သည်ကို လည်းစုံစမ်းထောက်လှမ်းလော့။ ထိုပြည်မှထွက် သောသစ်သီးအချို့ကိုလည်းယူခဲ့လော့'' ဟု မှာကြားလေသည်။ (ထိုအချိန်သည်စပျစ် သီးမှည့်စအချိန်ဖြစ်၏။)
21 သို့ဖြစ်၍သူတို့သည်မြောက်ဘက်သို့သွားပြီး လျှင် ထိုပြည်တောင်ဘက်ဇိနခေါ်တောကန္တာရ မှမြောက်ဘက်ဟာမတ်တောင်ကြားအနီးရှိ ရဟောဘမြို့သို့တိုင်အောင်ပြည်ကိုစုံစမ်း ထောက်လှမ်းကြသည်။-
22 ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
23 ထိုနောက်သူတို့သည်ဧရှကောလချိုင့်ဝှမ်း သို့ရောက်၍ စပျစ်သီးတစ်ခိုင်ကိုဖြတ်ယူကြ သည်။ ထိုစပျစ်ခိုင်မှာအလွန်လေးလံသဖြင့် လူနှစ်ယောက်ထမ်းပိုးလျှို၍ထမ်းရသည်။ သူ တို့သည်သလဲသီးနှင့်သဖန်းသီးအချို့ ကိုလည်းယူခဲ့ကြသည်။-
24 (ဣသရေလအမျိုးသားတို့သည်စပျစ် ခိုင်ကိုဖြတ်ယူသဖြင့် ထိုအရပ်သည်ဧရှ ကောလချိုင့်ဝှမ်းဟုခေါ်တွင်လေသည်။)
25 သူလျှိုတို့သည်ခါနာန်ပြည်ကိုရက်ပေါင်း လေးဆယ်စုံစမ်းထောက်လှမ်းပြီးနောက်၊-
26 မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား အပေါင်းတို့စခန်းချရာပါရန် တောကန္တာရ ရှိကာဒေရှစခန်းသို့ပြန်လာကြလေသည်။ သူတို့သည်ထိုပြည်၌တွေ့မြင်ခဲ့သမျှကို ပြန်ကြား၍ သူတို့ယူဆောင်ခဲ့သောသစ်သီး များကိုပြကြ၏။-
27 သူတို့ကမောရှေအား``အကျွန်ုပ်တို့သည်ထို ပြည်သို့သွားရောက်စုံစမ်းထောက်လှမ်း၍ ထို ပြည်သည်အစာရေစာပေါကြွယ်ဝ၍ မြေ သြဇာထက်သန်ကြောင်းသိရှိရပါ၏။ ဤ သစ်သီးများသည်ထိုပြည်မှထွက်သော သစ်သီးဖြစ်ပါသည်။-
28 သို့ရာတွင်ထိုပြည်၌နေထိုင်သူတို့သည် အင်အားကြီး၍ တံတိုင်းအကာအရံရှိ သောမြို့ကြီးများတွင်နေထိုင်ကြပါသည်။ ထိုမျှမကအလွန်ထွားကြိုင်းသောလူမျိုး ၏အဆက်အနွယ်များကိုလည်းတွေ့မြင် ခဲ့ရပါသည်။-
29 အာမလက်အမျိုးသားတို့သည်ထိုပြည်၏ တောင်ပိုင်းတွင်နေထိုင်၍ ဟိတ္တိအမျိုးသား၊ ယေဗုသိအမျိုးသား၊ အာမောရိအမျိုးသား တို့သည်တောင်ကုန်းများပေါ်၌လည်းကောင်း၊ ခါနာန်အမျိုးသားတို့သည်မြေထဲပင် လယ်ကမ်းခြေနှင့်ယော်ဒန်မြစ်ဝှမ်းတစ် လျှောက်၌လည်းနေထိုင်ကြပါသည်'' ဟု ဆိုကြ၏။
30 သို့ရာတွင်ကာလက်သည်မောရှေ၏ရှေ့တွင် ညည်းညူသူတို့အား``ငါတို့သည်ယခုပင်ထို ပြည်သို့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကြပါ စို့။ ငါတို့သည်ထိုပြည်ကိုတိုက်ခိုက်အောင် မြင်နိုင်စွမ်းရှိပါသည်'' ဟုဆို၍လူတို့ကို ငြိမ်ဝပ်သွားစေ၏။
31 သို့သော်လည်းကာလက်နှင့်အတူလိုက်ပါ သွားသူတို့က``ငါတို့သည်ထိုပြည်ကိုတိုက် ခိုက်အောင်မြင်နိုင်စွမ်းမရှိပါ။ ထိုပြည်သား တို့သည်ငါတို့ထက်အင်အားကြီးပါသည်'' ဟုဆိုကြ၏။-
32 သို့ဖြစ်၍သူတို့သည်မိမိတို့စုံစမ်းထောက် လှမ်းခဲ့သောပြည်အကြောင်း မဟုတ်မမှန် သတင်းကိုဣသရေလအမျိုးသားတို့ တွင်ဖြန့်ကြသည်။ သူတို့က``ထိုပြည်၌ထို ပြည်သားတို့အတွက်ပင်လျှင်သီးနှံလောက် အောင်မထွက်ပါ။ ငါတို့တွေ့မြင်ခဲ့သောသူ အပေါင်းတို့သည်အလွန်အရပ်မြင့်ကြ၏။-
33 အလွန်ထွားကျိုင်းသောအာနကလူမျိုး၏ အဆက်အနွယ်များကိုလည်း ငါတို့တွေ့မြင် ခဲ့ရသည်။ ငါတို့အမြင်အားဖြင့်ငါတို့သည် သူတို့ရှေ့တွင်နှံကောင်များသဖွယ်သေးငယ် ပါ၏။ သူတို့သည်ငါတို့ကိုနှံကောင်များ သဖွယ်မြင်ပါမည်'' ဟုဆိုကြလေသည်။