132
ဗိမာန်တော်ကိုချီးမွမ်းခန်း
1 အို ထာဝရဘုရား၊
ဒါဝိဒ်မင်းနှင့်သူခံခဲ့ရသမျှသောဆင်းရဲ ဒုက္ခတို့ကိုသတိရတော်မူပါ။
2-5 အို ထာဝရဘုရား၊
ဒါဝိဒ်က``ကျွန်တော်မျိုးသည်ထာဝရဘုရား ကိန်းဝပ်တော်မူရန်ဌာနတော်ကိုလည်းကောင်း၊
ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့် ဘုရားသခင်အတွက်အိမ်တော်ကိုလည်း ကောင်း
ဆောက်လုပ်၍မပြီးသေးသမျှကာလပတ်လုံး နားနေအိပ်စက်မှုကိုပြုမည်မဟုတ်ပါ။
အိမ်ကိုလည်းမပြန်။ အိပ်ရာထဲသို့လည်း ဝင်မည်မဟုတ်'' ဟု
ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့်
ဘုရားသခင်အားပြုသောသစ္စာကတိကို သတိရတော်မူ၏။
6 ဗက်လင်မြို့တွင်ပဋိညာဉ်သေတ္တာတော် အကြောင်းကို
ငါတို့ကြားသိကြ၍ယင်းသေတ္တာတော်ကို ယာရိမ်ကွင်း၌တွေ့ရှိရကြ၏။
7 ``ငါတို့သည်ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်အံ့။
ပလ္လင်တော်ရှေ့တွင်ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်ကြကုန်အံ့'' ဟုငါတို့ဆိုကြ၏။
8 အို ထာဝရဘုရား၊ တန်ခိုးတော်၏အမှတ်လက္ခဏာဖြစ်သည့်
ပဋိညာဉ်သေတ္တာတော်နှင့်အတူဗိမာန်တော်သို့ ကြွလာတော်မူ၏။
9 ကိုယ်တော်ရှင်၏ယဇ်ပုရောဟိတ်တို့သည် မှန်ကန်ရာကို အမြဲပြုကျင့်နိုင်ကြပါစေသော။
ကိုယ်တော်ရှင်၏လူစုတော်သည်ဝမ်းမြောက် ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။
10 အို ထာဝရဘုရား၊
ကိုယ်တော်၏အစေခံဒါဝိဒ်အားပေးတော်မူသည့် ကတိတော်ကိုထောက်၍
ကိုယ်တော်ရွေးချယ်တော်မူသည့်ဘုရင်ကို ပစ်ပယ်တော်မမူပါနှင့်။
11-12 ကိုယ်တော်ရှင်က``ငါသည်သင်၏သားတစ်ဦးဦးကို ဘုရင်အရာ၌ခန့်ထားမည်။
သူသည်သင်၏အရိုက်အရာကိုဆက်ခံရလိမ့်မည်။
အကယ်၍သင်၏သားတို့သည်ငါ၏ပဋိညာဉ်တော်ကို
စောင့်ထိန်း၍ငါပေးသည့်သြဝါဒများကို လိုက်နာကျင့်သုံးကြပါမူ၊
သူ၏သားတို့သည်လည်းသင်၏အရိုက်အရာကို ဆက်ခံကာဘုရင်များအဖြစ်ဖြင့်
အစဉ်အမြဲအုပ်စိုးရကြလိမ့်မည်'' ဟု
ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်အားကျိန်ဆို ကတိပြုတော်မူခဲ့ပါ၏။
ကိုယ်တော်ရှင်သည်ယင်းကတိတော်ကိုပြန်လည် ရုပ်သိမ်းတော်မူမည်မဟုတ်ပါ။
13 ထာဝရဘုရားသည်ဇိအုန်မြို့ကိုရွေးချယ် တော်မူပြီ။
ကိုယ်တော်သည်ထိုမြို့တွင်ကျိန်းဝပ်တော်မူရန် အလိုတော်ရှိသည်။
14 ``ဤမြို့တွင်ထာဝစဉ်ငါကိန်းဝပ်တော်မူမည်။ ဤမြို့တွင်ငါစိုးစံရန်အလိုရှိတော်မူသည်။
15 ငါသည်ဇိအုန်မြို့ကိုလိုလေသေးမရှိအောင် အစာရေစာပေါများသောမြို့ဖြစ်စေမည်။
ဤမြို့မှဆင်းရဲသူတို့အားဝအောင်ကျွေးမွေး မည်။
16 ဤမြို့မှယဇ်ပုရောဟိတ်တို့ဆောင်ရွက်လေသမျှ တို့ကို ကောင်းချီးပေးမည်။
မြို့သူမြို့သားတို့သည်လည်းသီချင်းဆိုလျက် ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။
17 ငါသည်ဤမြို့တွင်ဒါဝိဒ်၏သားမြေးတစ်ဦးကို ကြီးမြတ်သည့်ဘုရင်အဖြစ်ဖြင့်ခန့်ထားမည်။
ဤမြို့တွင်ငါရွေးချယ်သည့်ဘုရင်၏အာဏာ စက်ကို တည်စေမည်။
18 သူ၏ရန်သူတို့ကိုအရှက်ကွဲစေမည်။
သူ၏နိုင်ငံမူကားစည်ပင်သာယာဖွံ့ဖြိုး တိုးတက်လိမ့်မည်'' ဟုမိန့်တော်မူ၏။