140
ကွယ်ကာစောင့်ထိန်းတော်မူရန် ဆုတောင်းပတ္ထနာ
1 အို ထာဝရဘုရား၊
ဆိုးညစ်သူတို့လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။
အကြမ်းဖက်သမားတို့၏ဘေးမှ လုံခြုံစွာထားတော်မူပါ။
2 သူတို့သည်အစဉ်ပင်မကောင်းမှုပြုရန်
ကြံစည်လျက်အစဉ်ပင်ခိုက်ရန်ဖြစ်ပွား စေရန် လှုံ့ဆော်ပေးကြပါ၏။
3 သူတို့၏လျှာသည်အဆိပ်ပြင်းသောမြွေနှင့်တူ၍
သူတို့၏စကားသည်မြွေဟောက်၏ အဆိပ်နှင့်တူပါ၏။
4 အို ထာဝရဘုရား၊
ကျွန်တော်မျိုးအားသူယုတ်မာတို့၏ဘေးမှ ကွယ်ကာစောင့်ထိန်းတော်မူပါ။
ကျွန်တော်မျိုးပြိုလဲပျက်စီးစေရန်ကြံစည်သူ
အကြမ်းဖက်သမားတို့၏ဘေးမှလုံခြုံစွာ ထားတော်မူပါ။
5 မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။
သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန်
လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။
6 ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏
ဘုရားဖြစ်တော်မူ၏'' ဟုထာဝရဘုရားအား လျှောက်ထား၏။
အို ထာဝရဘုရား
ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ၏။
7 အို ဘုရားရှင်ထာဝရဘုရား၊
ကျွန်တော်မျိုး၏စွမ်းအားကြီးသောကယ်တင်ရှင်၊
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲတွင် ကွယ်ကာစောင့်ထိန်းတော်မူပါပြီ။
8 အို ထာဝရဘုရား၊
သူယုတ်မာ၏အလိုဆန္ဒကို ပြည့်စုံစေတော်မမူပါနှင့်။
သူတို့၏ဆိုးယုတ်သောအကြံအစည်များကို အောင်မြင်ခွင့်ပေးတော်မမူပါနှင့်။
9 ကျွန်တော်မျိုး၏ရန်သူများအားအောင်ပွဲခံခွင့် ပေးတော်မမူပါနှင့်။
ကျွန်တော်မျိုးအားခြိမ်းခြောက်ပြောဆိုသမျှ တို့ကို သူတို့ခံကြရပါစေသော။
10 မီးကျီးခဲများသည်သူတို့၏ဦးခေါင်းပေါ်သို့ ကျကြပါစေသော။
သူတို့သည်တွင်းထဲသို့ကျပြီးလျှင် အဘယ်အခါ၌မျှပြန်၍မတက်နိုင်ပါစေနှင့်။
11 သူတစ်ပါးတို့အားလိမ်လည်စွပ်စွဲကြ သူတို့သည် မအောင်မြင်ပါစေနှင့်။
မကောင်းမှုသည်အကြမ်းဖက်သမားတို့အား အမီလိုက်၍သုတ်သင်ဖျက်ဆီးပါစေသော။
12 အို ထာဝရဘုရား၊
ကိုယ်တော်ရှင်သည်ဆင်းရဲသူတို့၏အကျိုးနှင့်
ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေးများကို ကွယ်ကာတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
13 သူတော်ကောင်းတို့သည်ကိုယ်တော်ရှင်အား အမှန်ပင် ထောမနာပြုကြပါလိမ့်မည်။
သူတို့သည်ကိုယ်တော်ရှင်၏ရှေ့တော်မှောက်တွင် နေရကြပါလိမ့်မည်။