143
ကူမတော်မူရန်ဆုတောင်းပတ္ထနာ
1 အို ထာဝရဘုရား၊
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူပါ။
ဖြောင့်မတ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး အသနားခံသည်ကိုနားထောင်တော်မူပါ။
သစ္စာစောင့်တော်မူသည်ဖြစ်၍
ကျွန်တော်မျိုး၏ပန်ကြားလျှောက်ထားသည်ကို နားညောင်းတော်မူပါ။
2 ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးနှင့် တရားဆိုင်တော်မမူပါနှင့်။
ရှေ့တော်တွင်အပြစ်ကင်းသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
3 ရန်သူသည်ကျွန်တော်မျိုးအားလိုက်လံ၍မီပါပြီ။ ကျွန်တော်မျိုးအားလုံးဝအရေးရှုံးနိမ့်စေပါပြီ။
သူသည်ကျွန်တော်မျိုးကိုမှောင်သောအရပ်တွင် ချုပ်နှောင်ထားပြီဖြစ်၍
ကျွန်တော်မျိုးသည်ရှေးလွန်လေပြီးသော အခါက သေလွန်ခဲ့သူကဲ့သို့ဖြစ်ပါ၏။
4 သို့ဖြစ်၍ကျွန်တော်မျိုးသည်လက်လျှော့၍ အရှုံးပေးရန်အသင့်ရှိပါပြီ။
အလွန်စိတ်ပျက်အားလျော့လျက်နေပါ၏။
5 ကျွန်တော်မျိုးသည်ကုန်လွန်ခဲ့သည့်နေ့ရက်တို့ကို အောက်မေ့သတိရပါ၏။
ကိုယ်တော်ရှင်ပြုတော်မူခဲ့သောအမှုအရာ ရှိသမျှတို့ကိုဆင်ခြင်ပါ၏။
ကိုယ်တော်ရှင်၏လက်ရာတော်တို့ကိုစဉ်းစားပါ၏။
6 ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။
ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။
7 အို ထာဝရဘုရား၊
ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။
ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။
ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။
ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည်
မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
8 နံနက်ချိန်တိုင်း၌ကျွန်တော်မျိုးအား
ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို သတိရစေတော်မူပါ။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။
ကျွန်တော်မျိုးလျှောက်သင့်သည့်လမ်းကို ပြညွှန်တော်မူပါ။
9 အို ထာဝရဘုရား၊
ကိုယ်တော်ကိုခိုလှုံရန်ကျွန်တော်မျိုးသည် အထံတော်သို့ချဉ်းကပ်ပါ၏။
ကျွန်တော်မျိုးအားရန်သူများ၏လက်မှ ကယ်တော်မူပါ။
10 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။
ကိုယ်တော်ရှင်၏အလိုတော်အတိုင်းဆောင်ရွက်ရန် ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။
ကျွန်တော်မျိုးအားကျေးဇူးပြုတော်မူ၍ ဘေးမဲ့လုံခြုံရာလမ်းကိုညွှန်ပြတော်မူပါ။
11 အို ထာဝရဘုရား၊
ကိုယ်တော်ရှင်သည်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
ကောင်းမြတ်တော်မူသည်နှင့်အညီကျွန်တော် မျိုးအား ဆင်းရဲဒုက္ခများမှကယ်တော်မူပါ။
12 ကျွန်တော်မျိုးအပေါ်၌ထားရှိသောမေတ္တာ တော်ကို ထောက်၍ရန်သူများအားကွပ်မျက်တော်မူပါ။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်သဖြင့်
ကျွန်တော်မျိုးကိုဖိနှိပ်ညှဉ်းဆဲသူအပေါင်း တို့ကို သုတ်သင်တော်မူပါ။