148
ဘုရားသခင်အားထောမနာပြုရန် စကြဝဠာအားဖိတ်ခေါ်ခြင်း
1 ထာဝရဘုရားအားထောမနာပြုကြလော့။
အထက်ဘဝဂ်ဝယ်နေထိုင်သူတို့၊ကောင်းကင် ဘုံမှ ထာဝရဘုရားအားထောမနာပြုကြလော့။
2 ကောင်းကင်တမန်အပေါင်းတို့၊
ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
3 နေနှင့်လတို့၊ကိုယ်တော်အားထောမနာပြု ကြလော့။
ထွန်းတောက်သောကြယ်တာရာတို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
4 ကောင်းကင်ဘဝဂ်နှင့်ကောင်းကင်အထက်ရှိ ရေများ တို့၊
ကိုယ်တော်အားထောမနာပြုကြလော့။
5 ထိုအရာရှိသမျှတို့သည်ထာဝရ ဘုရား၏ နာမတော်အားထောမနာပြုကြစေ။
ကိုယ်တော်သည်အမိန့်ပေးတော်မူ၍ယင်း တို့ကို ဖန်ဆင်းတော်မူ၏။
6 ကိုယ်တော်၏အမိန့်တော်အရယင်းတို့သည်
မိမိတို့သက်ဆိုင်ရာနေရာများတွင်အစဉ် အမြဲ တည်နေရကြ၏။
ယင်းတို့သည်အမိန့်တော်ကိုမလွန်ဆန်နိုင်ကြ။
7-8 မြွေနဂါးများနှင့်ရေနက်ရာအရပ်အပေါင်းတို့၊
လျှပ်စစ်လျှပ်နွယ်နှင့်မိုးသီးတို့၊
မိုးပွင့်နှင့်မိုးတိမ်တို့၊ကိုယ်တော်၏အမိန့်တော်ကို နာခံသည့်လေပြင်းမုန်တိုင်းတို့၊
ကမ္ဘာမြေကြီးမှနေ၍ထာဝရဘုရားအား ထောမနာပြုကြလော့။
9-10 တောင်ကုန်းများနှင့်တောင်ရိုးတို့၊သစ်သီးပင် များနှင့် သစ်တောတို့တိရစ္ဆာန်ယဉ်နှင့်တိရစ္ဆာန်ရိုင်းတို့၊
တွားတတ်သောသတ္တဝါနှင့်ငှက်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
11-12 ဘုရင်များနှင့်လူမျိုးအပေါင်းတို့၊
မင်းညီမင်းသားများနှင့်အုပ်ချုပ်သူအပေါင်း တို့၊ ပျိုရွယ်သူအမျိုးသားနှင့်အမျိုးသမီးတို့၊
လူအိုနှင့်ကလေးသူငယ်တို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
13 ယင်းတို့သည်ထာဝရဘုရား၏နာမတော် အား ထောမနာပြုကြစေ။
ကိုယ်တော်၏နာမတော်သည်နာမရှိသမျှထက် ကြီးမြတ်တော်မူ၏။
ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေကြီးနှင့်ကောင်းကင်အထက် ၌ရှိ၏။
14 ကိုယ်တော်သည်မိမိ၏လူစုတော်၊
မိမိချစ်မြတ်နိုးတော်မူလှသည့်ဣသရေလ အမျိုးသားတို့အား
ခွန်အားကြီးမားစေတော်မူသဖြင့်ထိုသူ တို့သည် ကိုယ်တော်အားထောမနာပြုကြ၏။
ထာဝရဘုရားအားထောမနာပြုကြလော့။