21
စစ်ပွဲအောင်သည့်အတွက်ထောမနာပြုခြင်း
1 အို ထာဝရဘုရား၊
ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။
ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။
2 ကိုယ်တော်ရှင်သည်သူလိုလားတောင့်တသည့် အရာကိုပေးတော်မူပြီ။
သူ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပြီ။
3 ကိုယ်တော်ရှင်သည်သူ့အားမွန်မြတ်သော ကောင်းချီးမင်္ဂလာများကိုချပေးတော်မူပြီ။
သူ့အားရွှေသရဖူကိုဆောင်းစေတော်မူပြီ။
4 သူသည်အသက်ကိုတောင်းခံ၍ကိုယ်တော်ရှင်သည် သူ့အားအသက်ကိုပေးတော်မူသည်သာမက
ရှည်၍မကုန်မဆုံးနိုင်သောအသက်ကို ပေးတော်မူပြီ။
5 ကိုယ်တော်ရှင်ကယ်မတော်မူသဖြင့်မင်းကြီးသည် ဘုန်းအသရေထွန်းတောက်ရပါ၏။
ကိုယ်တော်သည်သူ့အားကျော်စောကိတ္တိနှင့် ခန့်ညားတင့်တယ်ခြင်းကိုပေးတော်မူပြီ။
6 ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာများသည် သူ၏အပေါ်သို့အစဉ်သက်ရောက်လျက် ရှိပါ၏။
သူ၏အနီးတွင်ကိုယ်တော်ရှိတော်မူသည် ဖြစ်၍ သူသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
7 မင်းကြီးသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ကို ယုံကြည်ကိုးစားပါ၏။
ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာကြောင့် သူသည် ဘေးမဲ့လုံခြုံတော်မူပါလိမ့်မည်။
8 မင်းကြီးသည်မိမိ၏ရန်သူအပေါင်းကို ဖမ်းဆီးတော်မူလိမ့်မည်။
ကိုယ်တော်အားမုန်းသောသူအပေါင်းတို့ကို လက်ရဖမ်းဆီးတော်မူလိမ့်မည်။
9 ကိုယ်တော်ကြွလာတော်မူသောအခါ
အလျှံထလျက်နေသောမီးသဖွယ် သူတို့အားဖျက်ဆီးတော်မူလိမ့်မည်။
ထာဝရဘုရားသည်အမျက်တော်ထွက်၍ သူတို့အားဖျက်ဆီးပစ်တော်မူလိမ့်မည်။
သူတို့သည်မီးတွင်ကျွမ်းလောင်ကုန်လိမ့်မည်။
10 မင်းကြီးသည်သူတို့၏သားသမီးအပေါင်း ကို သေကြေပျက်စီးစေတော်မူလိမ့်မည်။
သူတို့၏အမျိုးအနွယ်အပေါင်းကို သုတ်သင်တော်မူလိမ့်မည်။
11 သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။
သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။
12 မင်းကြီးသည်လေးနှင့်ခွင်းတော်မူလျက် သူတို့အား တပ်ခေါက်၍ထွက်ပြေးစေတော်မူလိမ့်မည်။
13 အို ထာဝရဘုရား၊
ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့်
ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။
ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။