9
ရှေဘဘုရင်မအလည်အပတ်ကြွလာခြင်း
(၃ရာ၊ ၁၀:၁-၁၃)
1 ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။-
2 မင်းကြီးသည်တစ်ခုမကျန်ဖြေကြားတော်မူ သည်။ မင်းကြီးမဖြေရှင်းနိုင်သောပုစ္ဆာဟူ၍ မရှိ။-
3 ရှေဘပြည်ဘုရင်မသည်ရှောလမုန်ထံမှ ဉာဏ်ပညာနှင့်ယှဉ်သောစကားများကိုကြား ၍ သူဆောက်လုပ်ထားသည့်နန်းတော်ကိုမြင် တော်မူ၏။-
4 ဘုရင်မသည်မင်းကြီးပွဲတော်တည်သော အစားအစာများ၊ မှူးမတ်တို့၏နေအိမ် များ၊ နန်းတော်အမှုထမ်းအရာထမ်းများ အားဖွဲ့စည်းပုံနှင့်သူတို့ဝတ်ဆင်ကြသည့် ဆင်တူဝတ်စုံများ၊ ပွဲလမ်းသဘင်အခါတွင် မင်းကြီးအားခစားရသူအစေခံများနှင့် သူတို့၏ဝတ်စုံများ၊ ဗိမာန်တော်တွင်မင်း ကြီးပူဇော်သည့်ယဇ်များကိုတွေ့မြင်သော အခါလွန်စွာအံ့သြလေသည်။
5 ဘုရင်မကမင်းကြီးအား``အကျွန်ုပ်သည် ကျွန်ုပ်၏တိုင်းပြည်တွင်ရှိစဉ်အခါကအဆွေ တော်နှင့်အဆွေတော်၏ဉာဏ်ပညာအကြောင်း ကိုကြားသိခဲ့ရသည့်သတင်းသည်မှန်ပါ သည်တကား။-
6 ကိုယ်တိုင်မျက်မြင်ဒိဌမတွေ့မမြင်ရမီ အခါကထိုသတင်းကိုကျွန်ုပ်မယုံပါ။ အဆွေ တော်သည်လူတို့ပြောဆိုနေကြသည်ထက်ပင် ပို၍ဉာဏ်ပညာရှိတော်မူပါ၏။-
7 အဆွေတော်၏အပါးတော်တွင်အစဉ်ခစား လျက် အဆွေတော်ထံမှဉာဏ်ပညာနှင့်ယှဉ် သောစကားများကိုကြားရသူတို့သည် အလွန်မင်္ဂလာရှိကြပါသည်တကား။-
8 အဆွေတော်၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြပါစေသတည်း။ ကိုယ် တော်သည်အဆွေတော်ကိုလွန်စွာနှစ်သက် မြတ်နိုးတော်မူသည်ဖြစ်၍ မိမိ၏ကိုယ်စား အုပ်စိုးနိုင်ရန်ဣသရေလဘုရင်အဖြစ်ချီး မြှောက်တော်မူပြီ။ ကိုယ်တော်သည်မိမိလူမျိုး တော်ဣသရေလအမျိုးသားတို့အားချစ် တော်မူ၍ထာဝစဉ်စောင့်ရှောက်တော်မူလို သဖြင့်တရားဥပဒေစိုးမိုးမှုနှင့်တရား မျှတမှုရှိနိုင်စေရန်အဆွေတော်အား သူတို့၏ဘုရင်အဖြစ်ဖြင့်ချီးမြှောက် တော်မူပြီ'' ဟုပြော၏။
9 ဘုရင်မသည်ရှောလမုန်မင်းအားရွှေချိန် ငါးတန်၊ နံ့သာမျိုးနှင့်ကျောက်မျက်ရတနာ အမြောက်အမြားကိုလက်ဆောင်အဖြစ်ပေး ဆက်တော်မူ၏။ ရှောလမုန်မင်းအားရှေဘ ပြည်ဘုရင်မပေးဆက်သည့်နံ့သာမျိုး ကဲ့သို့ကောင်းသည့်နံ့သာမျိုးကိုနောင် အဘယ်အခါ၌မျှမတွေ့ရတော့ချေ။
10 (သြဖိရမြို့မှရွှေကိုယူဆောင်လာသော ဟိရံမင်းနှင့်ရှောလမုန်မင်း၏လူတို့သည် ထင်းရှူးသားနှင့်ကျောက်မျက်ရတနာများ ကိုလည်းယူဆောင်လာကြ၏။-
11 ရှောလမုန်သည်ထင်းရှူးသားကိုဗိမာန်တော်နှင့် မိမိ၏နန်းတော်လှေကားများပြုလုပ်ရာတွင် လည်းကောင်း၊ ဂီတဆရာများအတွက်စောင်း ကြီးစောင်းငယ်များပြုလုပ်ရာတွင်လည်း ကောင်းအသုံးပြုတော်မူ၏။ ထိုမျှကောင်း သောထင်းရှူးသားမျိုးကို ယခင်အဘယ်အခါ ကမျှယုဒပြည်တွင်မတွေ့မမြင်ဘူးကြ။)
12 ရှောလမုန်မင်းသည်ဘုရင်မထံမှရရှိသည့် လက်ဆောင်များအတွက် မိမိပြန်လည်ပေးသည့် လက်ဆောင်များအပြင်ဘုရင်မအလိုရှိ သမျှသောအရာများကိုပေးတော်မူ၏။ ထို နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။
ရှောလမုန်မင်း၏ဋ္ဌနအင်အား
(၃ရာ၊ ၁၀:၁၄-၂၅)
13-14 ကုန်သည်တို့ပေးသွင်းသည့်အခွန်တော်များ အပြင်နှစ်စဉ်နှစ်တိုင်းရှောလမုန်မင်းထံဆက် သွင်းရသောရွှေချိန်မှာနှစ်ဆယ့်ငါးတန်ကျော် ကျော်ဖြစ်၏။ အာရပ်ဘုရင်များနှင့်ဣသရေလ နယ်မြေဘုရင်ခံများကလည်းမင်းကြီးထံ ရွှေ၊ နှင့်ငွေများကိုဆက်သွင်းရကြသည်။-
15 ရှောလမုန်သည်တစ်ဆယ့်ငါးပေါင်နီးပါး စီရှိသည့်ရွှေပြားများဖြင့်မွမ်းမံထားသည့် ဒိုင်းကြီးနှစ်ရာ၊-
16 ရှစ်ပေါင်နီးပါးစီရှိသည့်ရွှေပြားများဖြင့် မွမ်းမံထားသောဒိုင်းငယ်သုံးရာကိုပြုလုပ် တော်မူသည်။ သူသည်ထိုဒိုင်းအားလုံးကို လေဗနုန်တောခန်းမဆောင်တွင်ထားရှိ စေ၏။
17 မင်းကြီးသည်တစ်ပိုင်းကိုဆင်စွယ်ဖြင့်လည်း ကောင်း၊ ကျန်တစ်ပိုင်းကိုရွှေစင်ဖြင့်လည်း ကောင်းမွမ်းမံထားသောရာဇပလ္လင်ကြီး ကိုပြုလုပ်စေတော်မူ၏။-
18 ထိုရာဇပလ္လင်သို့တတ်ရန်လှေကားခြောက် ထစ်ရှိလေသည်။ ရာဇပလ္လင်နှင့်တစ်စပ်တည်း ရွှေဖြင့်မွမ်းမံထားသောခြေတော်တင်ခုံရှိ၏။ ရာဇပလ္လင်၏တစ်ဖက်တစ်ချက်တွင်လက်ရုံး တန်းတစ်ခုစီရှိ၍ယင်းတို့၏နံဘေးတွင် ရပ်လျက်နေသောခြင်္သေ့ရုပ်တစ်ကောင်စီ ရှိ၏။-
19 လှေကားထစ်များ၏အစွန်းတစ်ဖက်တစ်ချက် စီတွင်ခြင်္သေ့ရုပ်တစ်ကောင်စီဖြင့်ခြင်္သေ့ရုပ်တစ် ဆယ့်နှစ်ကောင်ရှိလေသည်။ အခြားအဘယ် တိုင်းပြည်တွင်မျှဤကဲ့သို့သောရာဇပလ္လင် မျိုးမရှိခဲ့ဘူးချေ။
20 ရှောလမုန်မင်း၏သောက်တော်ရေဖလားမှန် သမျှသည်ရွှေဖြင့်ပြီး၍ လေဗနုန်တောခန်း မဆောင်တွင်ရှိသမျှသောခွက်ယောက်အသုံး အဆောင်များသည်လည်းရွှေစင်ဖြင့်ပြီး သတည်း။ ရှောလမုန်၏ခေတ်၌ငွေကိုတန် ဖိုးမထားကြ။-
21 မင်းကြီး၌ဟိရံမင်း၏သင်္ဘောစုနှင့်အတူပင် လယ်သွားသင်္ဘောများရှိ၏။ သူ၏သင်္ဘောတို့ သည် ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များကို တင်ဆောင်၍သုံးနှစ်တစ်ကြိမ်ပြန်လည်ရောက် ရှိလေသည်။-
22 ရှောလမုန်မင်းသည်ကမ္ဘာပေါ်ရှိဘုရင်တကာ တို့ထက်ချမ်းသာကြွယ်ဝ၍ဉာဏ်ပညာရှိ တော်မူ၏။-
23 သူတို့သည်ရှောလမုန်အားထာဝရဘုရား ပေးတော်မူသောဉာဏ်ပညာတော်နှင့် ယှဉ် သည့်စကားများကြားနာရန်သူ့ထံသို့ လာရောက်ကြ၏။-
24 ထိုသူအသီးသီးတို့သည်ရွှေထည်၊ ငွေထည်၊ အဝတ်ထည်၊ လက်နက်၊ နံ့သာမျိုး၊ မြင်းနှင့် လားတို့ကိုလက်ဆောင်အဖြစ်ဖြင့်ရှောလမုန် ထံနှစ်စဉ်ဆက်သကြလေသည်။
25 ရှောလမုန်မင်းတွင်စစ်ရထားများနှင့်မြင်းများ အတွက်မြင်းစောင်းလေးထောင်ရှိ၍တိုက်မြင်း တစ်သောင်းနှစ်ထောင်လည်းရှိလေသည်။ ထိုမြင်း အချို့တို့ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့တို့ကိုအခြားမြို့များ၌လည်းကောင်း ထားရှိတော်မူ၏။-
26 ရှောလမုန်သည်ဥဖရတ်မြစ်မှသည်ဖိလိတ္တိ ပြည်နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် အရပ် ရပ်ရှိဘုရင်တို့ကိုအုပ်စိုးရ၏။-
27 သူ၏လက်တော်၌ယေရုရှလင်မြို့တွင်ငွေသည် ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုးသား သည်ယုဒတောင်ခြေတွင်အလေ့ကျပေါက် သောသဖန်းပင်ကဲ့သို့လည်းကောင်းပေါများ လေသည်။-
28 ရှောလမုန်သည်မြင်းများကိုမုသရိ ခေါ်အီဂျစ်နှင့်အခြားတိုင်းပြည်များမှ တင်သွင်းခဲ့သည်။
ရှောလမုန်၏နန်းသက်အကြောင်းအကျဉ်းချုပ်
(၃ရာ၊ ၁၁:၄၁-၄၃)
29 ကြွင်းကျန်သောရှောလမုန်၏အကြောင်းကို အစမှအဆုံးတိုင်အောင်ပရောဖက်နာသန် ၏ကျမ်း၊ ရှိလောမြို့သားအဟိယ၏ပရောဖက် ကျမ်း၊ ဣသရေလဘုရင်ယေရောဗောင်၏နန်း ဆက်အကြောင်းကိုလည်းဖော်ပြပါရှိသည့် ပရောဖက်ဣဒ္ဒေါ၏ဗျာဒိတ်ရူပါရုံကျမ်းများ တွင်မှတ်တမ်းတင်ထားသတည်း။-
30 ရှောလမုန်သည်ယေရုရှလင်မြို့တွင်နန်းစံ တော်မူ၍ဣသရေလတစ်နိုင်ငံလုံးကို အနှစ်လေးဆယ်အုပ်စိုးတော်မူ၏။-
31 သူကွယ်လွန်သောအခါသားတော်ရောဗောင် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။