91
ငါတို့ကိုကွယ်ကာသောဘုရားသခင်
1 ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊
အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊
2 ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကွယ်ကာရာ၊ ကျွန်တော်မျိုးခိုလှုံရာရဲတိုက်ဖြစ်တော်မူပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူ၍ကျွန်တော်မျိုးသည်
ကိုယ်တော်ရှင်ကိုကိုးစားပါ၏'' ဟူ၍
ထာဝရဘုရားအားလျှောက်ထားနိုင်လိမ့်မည်။
3 ကိုယ်တော်သည်မမြင်နိုင်သော
ဘေးဥပဒ်များမှလည်းကောင်း၊
သေစေတတ်သောအနာရောဂါများမှ လည်းကောင်း သင့်ကိုကင်းလွတ်စေတော်မူလိမ့်မည်။
4 ကိုယ်တော်သည်မိမိ၏အတောင်တော်ဖြင့် သင့်ကိုဖုံးအုပ်တော်မူလိမ့်မည်။
သင်သည်ကိုယ်တော်၏ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရ၍ဘေးမဲ့လုံခြုံလျက်နေလိမ့်မည်။
ကိုယ်တော်၏သစ္စာတော်သည်သင့်ကိုစောင့်ထိန်း ကွယ်ကာရာဒိုင်းလွှားဖြစ်လိမ့်မည်။
5 ညဥ့်အခါတွေ့ရတတ်သောဘေးဥပဒ်များ ကိုသော်လည်းကောင်း၊
နေ့အချိန်ပေါ်ပေါက်တတ်သည့်အန္တရာယ်များ ကိုသော်လည်းကောင်း၊
6 မှောင်မိုက်တွင်ကျရောက်တတ်သည့်ကပ်ရောဂါများ ကိုသော်လည်းကောင်း၊
နေ့လည်ချိန်၌သေစေတတ်သည့်ဘေးဥပဒ်များ ကိုသော်လည်းကောင်း၊
ကြောက်လန့်ရလိမ့်မည်မဟုတ်။
7 သင်၏အနီးတွင်လူတစ်ထောင်၊
သင်၏ပတ်လည်တွင်လူတစ်သောင်း ကျဆုံးသော်လည်းသင်၌အထိအခိုက် မရှိရ။
8 သူယုတ်မာတို့အဘယ်သို့အပြစ်ဒဏ်သင့်ကြ သည်ကို သင်သည်ဒိဌမြင်ရလိမ့်မည်။
9 သင်သည်ထာဝရဘုရားအားသင့်ကိုကွယ်ကာသော အရှင်အဖြစ်ဖြင့်လည်းကောင်း၊
အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားအား
သင်ခိုလှုံသောအရှင်အဖြစ်ဖြင့်လည်းကောင်း လက်ခံသည်ဖြစ်၍
10 သင်သည်ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်၊
သင်၏အိမ်အနီးသို့လည်းအဘယ်ဘေးဥပဒ်မျှ ချဉ်းကပ်ရလိမ့်မည်မဟုတ်။
11 သွားလေရာရာ၌သင့်ကိုစောင့်ရှောက်စေရန်
ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို တာဝန်ပေးအပ်တော်မူလိမ့်မည်။
12 သူတို့သည်သင်၏ခြေကိုကျောက်နှင့်
မထိမခိုက်စေရန်မိမိတို့၏လက်ဖြင့်သင့်အား ချီပင့်ကြလိမ့်မည်။
13 သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့်
ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။
14 ဘုရားသခင်က
``ငါ့ကိုချစ်သောသူတို့အားငါကယ်မည်။
ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဝန်ခံသော သူတို့အားငါကွယ်ကာစောင့်ရှောက်မည်။
15 သူတို့သည်ငါ့ကိုခေါ်သောအခါငါထူးမည်။
သူတို့ဒုက္ခရောက်သောအခါသူတို့နှင့်အတူ ငါရှိမည်။
ငါသည်သူတို့အားကယ်ဆယ်၍ချီးမြှင့်မည်။
16 သူတို့အားအသက်ရှည်စေ၍ကယ်တင်ခြင်း ကျေးဇူးကိုခံစားစေမည်'' ဟုမိန့်တော်မူ၏။