92
ထောမနာသီချင်း
1 အို ထာဝရဘုရား၊
ကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းရခြင်းသည်လည်းကောင်း၊
အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင်၊
ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုထောမနာ သီချင်း ကူးအေးရခြင်းသည်လည်းကောင်း၊
2-3 ချိုသာနာပျော်ဖွယ်သောစောင်းသံနှင့်တကွ ကြိုးတပ်တူရိယာသံတို့ဖြင့်
နံနက်တိုင်းကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုဖော်ကူး၍
ညဥ့်တိုင်းကိုယ်တော်ရှင်၏သစ္စာတော်ကို
ထုတ်ဖော်ကြေညာရခြင်းသည်လည်းကောင်း လျောက်ပတ်လှပါ၏။
4 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော
အမှုတော်များသည်ကျွန်တော်မျိုးအား ဝမ်းမြောက်ရွှင်လန်းစေပါ၏။
ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်များကြောင့်
ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာသီချင်းဆိုပါ၏။
5 အို ထာဝရဘုရား၊
ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်တို့သည် ကြီးမြတ်လှပါ၏။
ကိုယ်တော်ရှင်၏အကြံအစည်တော်သည်လည်း နက်နဲလှပါ၏။
6 လူမိုက်တို့မသိနိုင်သောအရာ၊အသိဉာဏ်တုံး သူတို့ နားမလည်နိုင်သောအရာတစ်ခုရှိပါ၏။
7 ထိုအရာကား၊သူယုတ်မာတို့သည်ပေါင်းပင်များ သဖွယ် ကြီးပွားတိုးတက်၍
မကောင်းမှုပြုသူတို့သည်ကောင်းစားကြသော်လည်း
ထိုသူတို့သည်လုံးဝသုတ်သင်ပယ်ရှင်းခြင်းကို ခံကြရမည်ဖြစ်၏။
8 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား ဖြစ်တော်မူသောကိုယ်တော်ရှင်သည်
ထာဝစဉ်အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူသောကြောင့်တည်း။
9 ကိုယ်တော်ရှင်၏ရန်သူတို့သည်သေကြေပျက်စီး ရကြမည်ကိုလည်းကောင်း၊
သူယုတ်မာအပေါင်းတို့သည်
အရေးရှုံးနိမ့်ရကြမည်ကိုလည်းကောင်း ကျွန်တော်မျိုးတို့သိပါ၏။
10 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား နွားလားရိုင်းကဲ့သို့သန်စွမ်းစေတော်မူပါပြီ။
ကျွန်တော်မျိုးအားရွှင်လန်းဝမ်းမြောက်ရခြင်း ကောင်းချီးမင်္ဂလာကိုပေးတော်မူပါပြီ။
11 ရန်သူတို့အရေးရှုံးနိမ့်ကြသည်ကိုကျွန်တော်မျိုး မြင်ရပါပြီ။
သူယုတ်မာတို့ငိုကြွေးသံကိုကြားရပါပြီ။
12 သူတော်ကောင်းတို့သည်စွန်ပလွံပင်များကဲ့သို့ စိမ်းလန်းစိုပြေလျက်ရှိလိမ့်မည်။
သူတို့သည်လေဗနုန်တောင်မှအာရဇ်ပင်များ ကဲ့သို့ ကြီးပွားတိုးတက်ကြလိမ့်မည်။
13-14 သူတို့သည်ထာဝရဘုရား၏အိမ်တော်တွင်စိုက်ပျိုး၍
ငါတို့ဘုရားသခင်၏ဗိမာန်တော်တွင်စိမ်းလန်း စိုပြေလျက်နေသည့်သစ်ပင်များနှင့်တူကြ၏။
ထိုသစ်ပင်တို့သည်အသက်အိုချိန်၌ပင်လျှင်
အသီးများသီး၍အစဉ်အမြဲစိမ်းလန်း သန်မာလျက်ရှိကြ၏။
15 ဤကားထာဝရဘုရားသည်တရား
မျှတတော်မူကြောင်းကိုလည်းကောင်း
ငါ့ကိုကွယ်ကာသောအရှင်သည်ကောင်းမြတ်
စုံလင်တော်မူကြောင်းကိုလည်းကောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။